Tuesday, December 24, 2013

“ဥ”ဇာတ်ကားဖြင့် အကယ်ဒမီတစ်ပြေးနေသည့် ချောရတနာနှင့်တွေ့ဆုံခြင်း



Photo

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ရာတွင် ဒရာမာဇာတ်ကားများမှ သရုပ်ဆောင်များသာ အကယ်ဒမီဆုရရှိလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဟာသဦးစားပေး ကျေးလက်သဘာဝဇာတ်ကားတစ်ခုဖြစ်သော “ဥ”ဇာတ်ကားသည် ဒရာမာကားများနှင့် အပြိုင်အကယ်ဒမီဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့သည်။ ၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အကယ်ဒမီရှော့” ဇာတ်ကားမှ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအဖြစ် ရဲအောင်ကဆွတ်ခူးခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို “ဥ”ဇာတ်ကားတွင် အရူးဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထားသော ချောရတနာရလိမ့်မည်ဟု ဒါရိုက်တာကိုယ်တိုင်အပါအ၀င် အနုပညာအသိုင်းအ၀ိုင်းနှင့် ပရိသတ်များ ကြိုတင်ခန့်မှန်းနေကြသည်။ ထို့ကြောင့် အကယ်ဒမီနှင့်ပတ်သက်၍ ရင်ခုန်သံများနှင့် မိသားစုဘ၀အတွက် ရင်သွေးလေးလွယ်ထားသော မိခင်လောင်းချောရတနာကို  တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- လက်ရှိ အစ်မရဲ့အိမ်ထောင်သည်ဘ၀ အကြောင်းလေးကို အရင်ပြောပြပေးပါလား။
ဖြေ- ချောတို့နှစ်ယောက်က ရည်းစားသက်တမ်းလည်း အရမ်းကြာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိနေတာဆိုတော့ အေးချမ်းပါတယ်။
မေး- အိမ်ထောင်ပြုပြီးတဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေ အရမ်းနည်းသွားတယ်ဆိုတော့ အိမ်ထောင်ဘက်က အနုပညာနဲ့ပတ်သက်ပြီး ကန့်သတ်တာမျိုးရှိလို့လား။
ဖြေ- အဲဒီလို ကန့်သတ်ထားတာမျိုးတော့မရှိပါဘူး။ ချောကိုယ်တိုင်က နားနားနေနေပဲလုပ်ချင်တော့တယ်။ အိမ်ထောင်ကျလာပြီဆိုတော့လည်း ကိုယ့်မိသားစုလေးနဲ့ အလုပ်ကိုမျှမျှတတဖြစ်စေချင်တယ်။ ချောက ဇာတ်ကားရိုက်တာကို မင်္ဂလာမဆောင်ခင်ကတည်းက ခဏနားထားတယ်။ ခုက ကိုယ်ဝန်လည်းရှိပြီဆိုတော့ ပိုဆိုးသွားတာပေါ့။ နည်းနည်းပါးပါးတော့ ရိုက်ဖြစ်ဦးမှာပါ။
မေး- ကိုယ်ဝန်ဆောင်ထားတာရော ဘယ်နှလရှိသွားပြီလဲ။ ပထမဆုံးရင်သွေးလေးဆိုတော့ ဘာလေးလိုချင်လဲ။ သူ့အတွက်ရော ဘယ်လိုမျိုး ပြင်ဆင်ထားသလဲ။
ဖြေ- ကိုယ်ဝန်က ငါးလစွန်းသွားပါပြီ။ ဧပြီလထဲမှာတော့ ဂျူးဒိတ်ပေးထားတယ်။ ယောက်ျားလေးဖြစ်ရမယ်၊ မိန်းကလေးဖြစ်ရမယ်ဆိုပြီး အရမ်း Serious ကြီးမရှိပါဘူး။ အဓိကကတော့ ချောက ကလေးကျန်းမာဖို့ကိုပဲ ဂရုစိုက်ပါတယ်။ ပြင်ဆင်ထားတာကတော့ အများကြီးပြင်ဆင်ထားပါတယ်။
မေး- ဒီဇင်ဘာနောက်ဆုံးပတ်မှာလုပ်မယ့် ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းမှာ အစ်မသရုပ်ဆောင်ထားတဲ့ “ဥ” ဇာတ်ကားလည်းပါတယ်။ ဒီဇာတ်ကားရိုက်တဲ့ ဒါရိုက်တာ၊ ပရိသတ်တွေနဲ့ အနုပညာအသိုင်းအ၀ိုင်းကပါ အစ်မကို အကယ်ဒမီအတွက် ထင်ကြေးပေးထားတော့ ဒီကားနဲ့ပတ်သက်ပြီး ဘာတွေမျှော်မှန်းထားလဲ။
ဖြေ- ပရိသတ်တွေက တကယ်ကြိုက်ပြီး ထင်ကြေးပေးတယ်ဆိုတာကြားရတော့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ အတိုင်းမသိဝမ်းသာမိပါတယ်။ ထင်ကြေးပေးတဲ့ ပရိသတ်တွေနဲ့  အနုပညာသမားတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး- “ဥ”ဇာတ်ကားရိုက်တုန်းကရော အစ်မအနေနဲ့ ပါဝင်သရုပ်ဆောင်ရမယ့်ဇာတ်ရုပ်အတွက် ဘယ်လောက်ကြိုးစားခဲ့ရသလဲ။ ရိုက်ကူးရေးမှာ အခက်အခဲတွေရောကြုံခဲ့ရလား။
ဖြေ- အမှန်တကယ်ဆိုရင် အဲဒီအရူးမလေးနေရာက ဇာတ်ကားထဲမှာ သိပ်မပါဘူး။ မပါပေမယ့် ဇာတ်ညွှန်းရေးဆရာရော၊ ဒါရိုက်တာရောက ပိုကောင်းအောင် ဒီထက်အလှုပ်လေးလည်းဖြစ်အောင် သေချာလုပ်ပေးတော့ ချောရဲ့ဆင်းမ်တွေက တစ်ဆင်းမ်တစ်ဆင်းမ်ကို အကြာကြီးဖြစ်သွားတယ်။ စေတနာထားပြီးခေါ်ပေးတဲ့ ကိုဇော်တို့လင်မယားကိုလည်း ကျေးဇူးတင်ပါတယ်။ အခက်အခဲတော့ ထွေထွေထူးထူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဂရုတော့စိုက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားမှာပါတဲ့ဇာတ်ပို့တွေကအစ အရမ်းတော်ကြတဲ့သူတွေဆိုတော့ ကိုယ့်ဘက်ကအမှားမဖြစ်စေချင်ဘူး။ အဲဒီအတွက်ကိုတော့ ဂရုစိုက်တယ်။ နောက်ပြီး ဖလင်နဲ့ရိုက်တဲ့အတွက်ကြောင့် အမှားအယွင်းသိပ်မခံဘူး။ အဲဒါကြောင့် အမှားမရှိအောင်ကို သရုပ်ဆောင်ခဲ့ပါတယ်။
မေး- ရင်သွေးလေးလည်းလွယ်ထားရတယ်။ အကယ်ဒမီတစ်ကြိုစာရင်းမှာလည်းပါတော့ အကယ်ဒမီဝတ်စုံအတွက်ရော ဘယ်လိုပြင်ဆင်ထားသလဲ။
ဖြေ- အဲဒီအတွက်ဆိုပြီး ထွေထွေထူးထူးကြီးတော့ မပြင်ဆင်ပါဘူး။ ဒီနှစ်က ကိုယ်ဝန်နဲ့လည်းဆိုတော့ ဘာမှလည်းသိပ်ထွင်လို့မရဘူး။ အဲဒီအတွက်ကတော့ ဒီဇိုင်နာမလတ်ပဲ ခေါင်းစားတော့မှာပေါ့။
မေး- အနုပညာရှင်တွေက အကယ်ဒမီဆိုတာ နတ်ကြီးတယ်လို့ယူဆထားကြတယ်။ ရှေ့ကစီနီယာတွေတုန်းကလည်း တစ်ကြိုပေးခဲ့ပေမယ့် လွဲခဲ့တာမျိုးတွေရှိတော့ အစ်မအနေနဲ့ ကိုယ့်စိတ်ကို ဘယ်လိုပြင်ဆင်ထားသလဲ။
ဖြေ- အနုပညာသမားတိုင်းက အကယ်ဒမီကို ကိုယ့်ရဲ့မှတ်တိုင်တစ်ခုအနေနဲ့ မျှော်လင့်ကြတယ်။ အရမ်းလည်းလိုချင်ကြပါတယ်။ ဒါပေမဲ့ ပရိသတ်တွေနဲ့ ကိုယ့်ရဲ့အနုပညာမောင်နှမတွေက တစ်ကြိုပေးတာနဲ့တင် တကယ်ကိုပီတိအရမ်းဖြစ်နေပါပြီ။ ရတော့လည်း ၀မ်းသာမှာပေါ့။
မေး- ကိုယ်တိုင်အနုပညာဘက်မှာ လှုပ်ရှားမှုတွေနည်းသွားပေမယ့် ညီမဖြစ်တဲ့သန္တာဗိုလ်ကိုတော့ အမြဲပံ့ပိုးပေးတာတွေ့ရတယ်။ သူ့အတွက်ရော ဘာတွေလုပ်ပေးဖြစ်လဲ။
ဖြေ- သူ့အတွက် ဘာတွေလုပ်ပေးတယ်ဆိုတာထက် သူလုပ်ချင်တဲ့အပေါ်မှာ ကိုယ်ကလိုက်ဖြည့်ဆည်းပေးတာ။ သူ့ကိုဘာလုပ်ဆိုပြီး လမ်းကြောင်းချမပေးဘူး။ သူ့ရဲ့ဆုံးဖြတ်ချက်၊ သူဝါသနာပါတဲ့အပေါ်မှာပဲ လိုက်ပြီးပံ့ပိုးပေးပါတယ်။
မေး- အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေနည်းသွားတော့ အကယ်ဒမီရခဲ့ရင်ရော ဇာတ်ကားတွေပြန်ရိုက်ဖို့ရှိလား။ ဇာတ်လမ်းတွေရော ရွေးချယ်ပြီးရိုက်ကူးဖို့အစီအစဉ်ရှိလား။
ဖြေ- ဇာတ်ကားရိုက်ဖို့ကတော့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ အပျိုတုန်းကလောက်တော့ ရိုက်ဖြစ်မှာမဟုတ်ဘူး။ နည်းနည်းပါးပါးတော့ ရိုက်ဖြစ်မှာပါ။ အိမ်ထောင်ကျပြီးစတုန်းက ကိုပြေတီဦးနဲ့ကစ်ကစ်(၀တ်မှုံရွှေရည်)တို့နဲ့ တစ်ကားပဲရိုက်ဖြစ်ပါတယ်။ ဇာတ်လမ်းရွေးချယ်မှုဆိုတာထက် ကိုယ်နဲ့အရင်ကတည်းက ရိုက်နေကျတဲ့ လက်တွဲဖူးတဲ့သူတွေနဲ့ပဲ ရိုက်ဖြစ်မှာပါ။ အရမ်း Heavy ကြီးတော့ မလုပ်ဖြစ်တော့ဘူး။ နည်းနည်း နားနားနေနေနဲ့ပဲလုပ်ချင်တယ်။
မေး- ရှေ့ကသရုပ်ဆောင်တွေတုန်းကလည်း ကိုယ်ဝန်ဆောင်နေတဲ့အချိန် ဇာတ်ကားတွေရိုက်ကြတော့ ကိုယ်ဝန်နဲ့ဇာတ်ကားရိုက်ဖို့ အစီအစဉ်ရှိလား။
ဖြေ- ကိုယ်ဝန်နဲ့တော့ ချော ကားမရိုက်ချင်ဘူး။ ကလေးကို ချောက အရမ်းကျန်းမာစေချင်တယ်။ အရမ်းကို sensitive ဖြစ်တယ်။ ကားရိုက်ရတာလည်း ပင်ပန်းတော့မလုပ်ပါဘူး။
မေး- အခုနောက်တက်လာတဲ့ မင်းသမီးအငယ်တွေဆိုရင် ဗီလိန်သရုပ်ဆောင်ဖို့ကြောက်ကြတယ်။ အစ်မတုန်းက “ချစ်ပန်းဝါ၀ါ”ဇာတ်ကားမှာ ဗီလိန်ပုံစံသရုပ်ဆောင်ပေမယ့် ပရိသတ်အားပေးမှုရခဲ့တော့ သရုပ်ဆောင်အသစ်တွေကို ဘယ်လိုအကြံပေးချင်လဲ။
ဖြေ- အဲဒီကားရိုက်ဖြစ်တာက ကိုပြေတီဦး၊ မကြီးစိုးနဲ့ ဒါရိုက်တာကိုဇော်တို့ကို ကျေးဇူးတင်ရမယ်။ ချောက အဲဒီကာရိုက်တာရိုက်ဖို့ကို ပထမတော့ နည်းနည်းဆိုက်ကိုဖြစ်တယ်။ ကြောက်တယ်။ ဇာတ်လမ်းကိုဖတ်ကြည့်လိုက်တော့လည်း အရမ်းကောင်းနေတော့ ရိုက်ချင်တယ်။ ပရိသတ်မုန်းသွားမှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ ပရိသတ်ကမမုန်းဘဲ အဲဒီကာရိုက်တာမှာ ကိုယ့်လုပ်ဆောင်မှုကို သဘောကျတယ်လို့ တချို့ကပြောကြတယ်။ အဲဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။ ပရိသတ်တွေက အရမ်းကိုအမြင်ကျယ်သွားပါပြီ။ အရင်ခေတ်လိုမဟုတ်တော့ဘူး။ အခုနောက်ပိုင်း လူငယ်သရုပ်ဆောင်တွေကိုလည်း ရိုက်ကြပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အ၀ထားပြီး ဗီလိန်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကျရာဇာတ်ရုပ်ကို သေသေချာချာ၊ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ရင် ပရိသတ်ကကြိုက်မှာပါ။
မေး- အစ်မကိုအားပေးနေတဲ့ပရိသတ်တွေအတွက် စကားလေးပြောပေးပါဦး။
ဖြေ- ချောကို အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့် ရင်ထဲမှာရှိနေပေးကြတဲ့ ပရိသတ်တွေကို အရမ်းကိုလှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment