Tuesday, December 24, 2013

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့်တွေ့ဆုံခြင်း


“သရုပ်ဆောင်နှစ်ယောက်လုံးဟာ အကယ်ဒမီဆန်ခါတင်စာရင်းမှာ ပါနေတယ်ဆိုတော့ ထိုးနှက်တိုက်ခိုက်မှုတစ်ခုလား စဉ်းစားစရာပါ”

Photo
အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့်အတွက် ရန်ကုန်တိုင်းမူးယစ်အထူးအဖွဲ့က ၂၀၀၈ တွင်  ခေါ်ယူစစ်ဆေးခဲ့သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ ရဲစစ်ချက်များ အွန်လိုင်းမှတစ်ဆင့် ပေါက်ကြားလာခဲ့သဖြင့် အနုပညာလောကအတွင်း ဂယက်ရိုက်ခဲ့သည်။ ၂၀၀၈ ခုနှစ်က မူးယစ်စစ်ချက်ကို အများပြည်သူသိအောင် ဖော်ထုတ်ခြင်းက အနုပညာရှင်များနှင့် ဆက်စပ်လျက်ရှိသော အာဏာပိုင်သားသမီးများ ဥပဒေကိုမထီမဲ့မြင်ပြုလုပ်ခြင်းကို ဖော်ပြလိုသည့်အတွက်ဖြစ်နိုင်ကြောင်း အများစုက ထင်ကြေးပေးခဲ့သော်လည်း အနုပညာအသိုက်အ၀န်းနှင့် မိသားစုများကို ထိခိုက်စေခဲ့သည်။ မူးယစ်စစ်ချက်နှင့်ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးကလည်း ရှင်းလင်တင်ပြချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ထို့ကြောင့် အနုပညာလောကအတွင်း မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်သလို မူးယစ်ဆေးတိုက်ဖျက်ရေးသံတမန်တစ်ဦးဖြစ်သော သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး- ၂၀၀၈ ခုနှစ်က မူးယစ်ဆေးသုံးစွဲတဲ့အနုပညာရှင်တွေကို ရန်ကုန်တိုင်းမူးယစ်အဖွဲ့က စစ်ဆေးခဲ့တယ်လို့ မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးက အတည်ပြုပြောခဲ့ပါတယ်။ ဒါပေမဲ့   ပြည်ထဲရေးဌာနက အရေးမယူဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောလိုပါသလဲ။
ဖြေ- တစ်ချိန်တုန်းက အဲလိုခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်ဆိုတာ ကြားသင့်သလောက်တော့ကြားမိပါတယ်။ မလိမ်မညာတမ်းဝန်ခံရမယ်ဆိုရင်တော့ သုံးစွဲတဲ့သူတွေ ကိုယ်တို့လောကထဲမှာရှိနေတယ်လို့တော့ အကြမ်းဖျင်းအားဖြင့် ကောက်ချက်ချလို့ရတယ်။ ဒါပေမဲ့လည်း လူတစ်ယောက်ဟာ အမှားကိုသိလို့ အမှန်ကိုပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ကြိုဆိုရမှာပဲလေ။
ဒီဖြစ်စဉ်ဖြစ်ရပ်ကြီးက တကယ်ပဲဟုတ်ခဲ့တယ်ထားဦး ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တာဆိုတော့ ဘယ်သူမှမပြောနိုင်ပါဘူး။ အဲဒီတော့ အမှားကိုသိပြီး အမှန်ကိုပြင်ဖို့ ကြိုးစားနေတဲ့သူတွေအတွက်တော့ ကြိုဆိုပေးရမှာပဲ။ ကာကွယ်ပေးရမှာပဲ။ အစည်းအရုံးအနေနဲ့ကတော့ အဲဒီလိုသဘောထားရှိပါတယ်။
မေး- အွန်လိုင်းမှာပျံ့နှံ့နေတဲ့ မင်းသမီးစိုးမြတ်သူဇာရဲ့ မူးယစ်စစ်ချက်ထဲမှာ ကိုလူမင်းအပါအ၀င် တချို့မသုံးစွဲတဲ့သူတွေ နာမည်စာရင်းပါနေတယ်ဆိုတာ အစ်ကိုတို့ပြောလို့သိရပါတယ်။ အဲဒီလိုပါဝင်နေတာ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ- အခုချိန်ထိ ပြောရခက်တုန်းပါပဲ။ တချို့ရဲမှူးကြီးတွေ အတည်ပြုတယ်ဆိုတာက အဲဒီခေတ်၊ အဲဒီအခါတုန်းက ခေါ်ယူမေးမြန်းစစ်ဆေးမှုတွေရှိခဲ့တယ်လို့ပဲ အတည်ပြုကြတာ။ ဒီဖေ့စ်ဘွတ်ခ်မှာပါသလောက် အချက်အလက်တွေအားလုံးမှန်ပါတယ်လို့ အတည်ပြုပေးနိုင်တဲ့သူမပေါ်သေးဘူး။ အဲဒီအတွက် အစည်းအရုံးက ရှင်းလင်းတင်ပြချက်တစ်ခု ထုတ်ပြန်သလို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်စာတင်ပြီး ပြည်သူချစ်ခင်အားပေးတဲ့ အနုပညာရှင်နဲ့ ပရိသတ်ကြား အမုန်းတရားကြီးထွားမှုမဖြစ်အောင် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြည်ထဲရေးကို မနေ့ကပဲစာတင်ပြီးတော့ တောင်းဆိုထားတာရှိပါတယ်။
မေး- ၂၀၀၈ ခုနှစ်က မူးယစ်စစ်ချက်ကို အခုချိန်မှ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ဖြန့်နေတာ ဘယ်လိုရည်ရွယ်ချက်ကြောင့်လို့ ထင်ပါသလဲ။
ဖြေ- စဉ်းစားစရာက အများကြီးရှိတယ်။ အစ်ကိုတို့ အကယ်ဒမီပွဲအတွက် အားလုံးလှုပ်လှုပ်ရှားရှား စလုပ်ကြတဲ့အချိန်မှာပဲ ဒီလိုသတင်းတွေ ထွက်လာတယ်ပေါ့။ ပြောရမယ်ဆိုရင် ဒီသရုပ်ဆောင်နှစ်ဦးစလုံးကလည်း (စိုးမြတ်သူဇာ၊ န၀ရတ်) အကယ်ဒမီဆန်ခါတင်စာရင်းထဲမှာ ပါနေတယ်ဆိုတော့ ဒါဟာ အကယ်ဒမီအတွက် တိုက်ခိုက်ထိုးနှက်မှုတစ်ခုလားလို့ စဉ်းစားစရာရှိသလို တစ်ဖက်ကပြန်ကြည့်ရင်လည်း တစ်ချိန်တုန်းက လူကြီးသားသမီးတွေရဲ့ ဥပဒေအထက်မှာ နေခဲ့တဲ့ကိစ္စကို ဖော်ညွှန်းချင်လို့ အစ်ကိုတို့အနုပညာရှင်တွေကို အသုံးချခံရတာလားဆိုတာလည်း စဉ်းစားရမှာပါပဲ။ နောက်ပြီး ကိုယ်တို့ဉာဏ်မမီနိုင်တဲ့ နိုင်ငံရေးလှည့်ကွက်တွေများ ဖြစ်နေမလားဆိုတာလည်း ကိုယ်တို့စဉ်းစားရမှာပါပဲ။
မေး- မူးယစ်ဆေးသုံးစွဲတဲ့ အနုပညာရှင်စာရင်းကို ဖော်ထုတ်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးဖော်ထုတ်မှာပါလဲ။
ဖြေ- အဲဒီကိစ္စစပေါ်ပေါ်ချင်းက အစ်ကို့ကို ဂျာနယ်တစ်စောင်ကမေးတာနဲ့ ကိုယ်ဖြေတာက ဒီဖေ့စ်ဘွတ်ခ်မှာတက်လာတဲ့အကြောင်းအရာကို မဆွေးနွေးခင် အဲဒီအကြောင်းအရာသည် တကယ်အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုတာ ပထမဆုံးစုံစမ်းရပါမယ်လို့ပြောတာ။ ဒါပေမဲ့ နားလည်မှုလွဲတာလား၊ ဘာသာပြန်လွဲတာလားတော့မသိဘူး။ ရေးလာတဲ့အခါကျတော့ ဒီပါဝင်တဲ့ အနုပညာရှင်တွေကိုပဲ ပြန်ခေါ်ယူစစ်ဆေးပြီး ဖော်ထုတ်သွားမယ်ဆိုတဲ့သဘောမျိုး ရေးလိုက်တာလည်း နှစ်ခု၊ သုံးခုမှာ ဖတ်လိုက်ရတယ်ဆိုတော့ ကိုယ်က အဲဒီလိုလုပ်ဖို့ အစီအစဉ်လုံးဝမရှိပါဘူး။
မေး- အနုပညာရှင်အချင်းချင်းလည်း မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားကြတယ်လို့ ပြောကြပါတယ်။ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ- ကိုယ့်ဆန္ဒကိုပြောရမယ်ဆိုရင် ကိုယ်တို့လောကကိုလည်း မူးယစ်ကင်းစင်တဲ့ အနုပညာလောကဆိုတာ အင်မတန်ဖြစ်စေချင်ပါတယ်။ တချို့ဂျာနယ်တွေမှာ ဖြေထားတာရှိပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းဆိုတာက နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ငြိစွန်းတဲ့ မှုခင်းကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုရင် အနုပညာရှင်ဆိုတာလည်း မရှိနိုင်ပါဘူး။
  
မေး- မူးယစ်ဆေးသုံးစွဲနေတဲ့ အနုပညာရှင်တချို့ကို ၀ါဒဖြန့်ချိရေးဇာတ်ကား ရိုက်ပေးတဲ့အတွက် ဥပဒေပြင်ပလုပ်ရပ်တွေကို အာဏာပိုင်တွေက သရုပ်ဆောင်အပေါ် ကာကွယ်ပေးတဲ့ အပေးအယူပုံစံမျိုးတွေရှိတယ်လို့ ဝေဖန်မှုတွေရှိခဲ့တယ်။ ဒီဘက်ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ အဲဒီလိုမျိုးတကယ်ရှိခဲ့လား။ မှန်ကန်တဲ့လုပ်ရပ်လို့ရော မြင်ပါသလား။
ဖြေ- ကိုယ်ခုနပြောသလိုပါပဲ။ တစ်ချိန်တစ်ခါကတော့ တရားစီရင်ရေးမှာကအစ အာဏာရှင်ဆန်ဆန် စီရင်ဆုံးဖြတ်တဲ့အခါ အဲဒီလိုကိစ္စမျိုးတွေကရှိခဲ့မှာပါပဲ။ ဒီဘက်ခေတ်ကြီးမှာတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ ကြွေးကြော်မယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေက မရှိသင့်ပါဘူး။ ဥပဒေကြောင်းအရပဲ ဖြစ်သင့်ပါတယ်။
မေး- တချို့အနုပညာရှင်တွေ မူးယစ်ဆေးသုံးစွဲပြီး ပြန်ကုသခဲ့ရတယ်လို့ ဆရာဝန်ကြီးတွေက နာမည်ကိုတော့ ကျင့်ဝတ်အရ မဖော်ထုတ်ခဲ့ပါဘူး။ အစိုးရပိုင်းနဲ့ပတ်သက်နေလို့ ဆေးသုံးတာကို အရေးယူမခံရဘဲ အကာအကွယ်တွေရခဲ့တယ်။ မူးယစ်သံတမန်တစ်ယောက်အနေနဲ့ ဒီလိုဥပဒေပြင်ပလုပ်ရပ်တွေက မူးယစ်ဆေးကို လွယ်လွယ်နဲ့ပြန်သုံးစွဲဖို့အတွက် တွန်းအားဖြစ်စေသလား။
ဖြေ- ဒါလည်းဖြစ်နိုင်တာပါပဲ။ အရေးယူခြင်းမခံဘူးဆိုရင် ပိုအတင့်ရဲတဲ့သဘောဖြစ်တာပေါ့။ ကိုယ့်အနေနဲ့ အသက်ငယ်ပေမယ့် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မိဘဆိုတာက ကိုယ့်သားသမီးတွေကို ကောင်းစေချင်တာပဲပေါ့။ ဒါပေမဲ့ သားသမီးတိုင်းလည်း မိသားစုတစ်ခုမှာတောင် သားသမီးတိုင်းလည်း စင်းလုံးချော အပြစ်ကင်းစင်နေကြတာ မဟုတ်ဘူးလေ။ အဲဒီတော့ အမှားလုပ်မိတဲ့သူ ရှိကောင်းရှိမှာပဲ။ အမှားလုပ်မိရင် အမှန်ဖြစ်အောင် လမ်းမပေါ်ရောက်အောင် မိဘအနေနဲ့ကတော့ လမ်းညွှန်ပြရမယ်။ ဆုံးမသွန်သင်ပြရမှာပဲ။ သားဆိုး၊ သမီးဆိုးတစ်ယောက်မို့ဆိုပြီး မိဘကပစ်ရိုးထုံးစံမရှိပါဘူး။ အပြစ်ကြီးတစ်ခုလုပ်ထားတယ်လို့ မမြင်ပါဘူး။
  
မေး- တချို့နာမည်ကြီးအနုပညာရှင်တွေကို ရိုက်ရက်ရဖို့အတွက် မူးယစ်ဆေးကို ကြားခံထားပြီး ထုတ်လုပ်ရေးတချို့က ကြားခံပစ္စည်းအဖြစ်အနေနဲ့ အသုံးပြုနေတယ်လို့ သတင်းရထားပါတယ်။ ဒီလိုကိစ္စတွေက ရုပ်ရှင်လောကအတွက်လည်း မကောင်းနိုင်တော့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဘယ်လိုထိန်းချုပ်ချင်ပါသလဲ။
ဖြေ- အဲဒါက ကိုယ်တိုင်လည်းမမြင်နိုင်တဲ့၊ သက်သေလည်းအတိကျမပြနိုင်တဲ့ ကိစ္စမျိုးတွေအပေါ် မဆွေးနွေးတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က စကားပြောဆင်ခြင်ရတယ်။ ကိုယ့်လောကသားအချင်းချင်းဖြစ်နေတော့ ကိုယ့်လောကသား ထိခိုက်နစ်နာမှု ဘယ်လိုမျိုးကိုမဆို မဖြစ်စေချင်ပါဘူး။ အစကတည်းက ဒီလိုဖြစ်စေမယ့်ကိစ္စမျိုးကို ရှောင်ရှားထားတာအကောင်းဆုံးပဲပေါ့။
မေး- မူးယစ်ဆေးသုံးပြီး အနုပညာအလုပ်တွေလုပ်ရင် ပိုပြီးလုပ်နိုင်တယ်။ ပိုအိုင်ဒီယာကောင်းတွေ ထွက်တယ်လို့ တလွဲအယူအဆတွေရှိနေကြတယ်။ အစ်ကိုရော အဲဒါကို ဘယ်လိုထင်ပါသလဲ။
ဖြေ- ကိုယ့်အနေနဲ့ အဲဒီအဆိုကို လုံးဝကန့်ကွက်ပါတယ်။ ဆန့်ကျင်ပါတယ်။ ကိုယ်ကိုယ်တိုင်ဆိုလည်း ဒီခေတ်၊ ဒီနေရာထိရောက်အောင် အနုပညာစွမ်းအားတွေ၊ ဘာတွေ ကိုယ့်နှလုံးသားကပဲ ခံစားပြီးလုပ်တာပါ။ အဲဒီအတွက် မူးယစ်ဆေးဝါးအကူအညီ တစ်ခါမှမယူခဲ့ပါဘူး။ ဒါက အယူအဆလွဲမှားခြင်း တစ်မျိုးပါပဲ။ ဒီလိုအယူအဆက ကမ္ဘာ့အနုပညာလောကမှာလည်း ရှိတယ်။ ပိုပြီးပြောင်မြောက်တယ်ဆိုပြီးတော့ ခံယူကြတာတွေလည်းရှိတယ်။ ကိုယ့်အနေနဲ့တော့ လက်မခံပါဘူး။ ကိုယ်က အနုပညာလောကမှာတင်မဟုတ်ပါဘူး။ MANA ရဲ့ သံတမန်တစ်ယောက်ဖြစ်တဲ့အတွက် ဟောပြောပွဲတိုင်းမှာ အမြဲပြောပါတယ်။ မူးယစ်ဆေးဝါးက ပုံစံမျိုးစုံနဲ့ လူတွေရဲ့ပတ်ဝန်းကျင်ကို ရောက်လာမှာပါပဲ။ ဈေးသိပ်ကြီးရင် ဈေးနည်းတဲ့ပုံစံနဲ့ သုံးစွဲနိုင်အောင်၊ အဆင့်တွေခက်ခဲရင် လွယ်ကူတဲ့ပုံစံနဲ့ သုံးစွဲလို့ရအောင် ဒီဇိုင်းလုပ်ထားတာတွေရှိနေမှာပါပဲ။ လူတွေရဲ့ အသိစိတ်မှာကိုက စမ်းသပ်ဖို့မကောင်းတဲ့အရာ၊ သုံးစွဲဖို့မကောင်းတဲ့အရာဆိုတဲ့ အသိစိတ်တွေ၊ လူတွေကြားမှာ ပိုပြန့်ပွားမှသာလျှင် တားဆီးကာကွယ်နိုင်မှာ။
မေး- ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားတဲ့ ရှင်းလင်းချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ဆက်ရှိနေပါတယ်။ ဘာများပြောချင်ပါသလဲ။
ဖြေ- ကြေညာချက်ထုတ်တဲ့အပေါ်မှာလည်း ဖြည့်ပြောချင်တာက ကိုယ်တို့အစည်းအရုံးအနေနဲ့ ကြေညာချက်ထုတ်တယ်ဆိုတာ အားပေးတဲ့ပရိသတ်ဘက်က အမြင်ကိုလည်း ကြည့်ရပါတယ်။ ကိုယ်တို့အနုပညာရှင်တွေကို ကာကွယ်ပေးမယ့်အမြင်နဲ့လည်း ကြည့်ရပါတယ်။ တစ်ဖက်က သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့အမြင်ကိုလည်း ကြည့်ရပါတယ်။အဘက်ဘက်ကနေကြည့်ပြီးတော့ ကိုယ်တို့က ကြေညာချက်လို့တောင်မသုံးဘဲနဲ့ ရှင်းလင်းတင်ပြချက်ဆိုတဲ့ အသုံးအနှုန်းလေးသုံးရတာကအစ ကိုယ်တစ်ယောက်တည်းရေးတဲ့ ထုတ်ပြန်ချက်မဟုတ်ပါဘူး။ အမှုဆောင်တချို့နဲ့ တော်တော်လေးခေါင်းချင်းဆိုင်ပြီး စကားလုံးကိုစီပြီးမှ ထုတ်ပြန်ရတဲ့အနေအထားမျိုးရှိပါတယ်။
မေး- အစ်ကို့အနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ- အားလုံးကိုခြုံပြီးသုံးသပ်မယ်ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ကတက်လာတဲ့ကိစ္စတွေပါပဲ။ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ဒီအကြောင်းအရာတွေက အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စတွေဟာ သက်ဆိုင်ရာဌာနဆိုင်ရာက သိမ်းဆည်းထားရမယ့် လျှို့ဝှက်ချက်ပေါက်ကြားခြင်းဖြစ်တဲ့အတွက် အဲဒီဌာနမှာ တာဝန်ရှိပါတယ်။ နောက်တစ်ခု ဒီအချက်တွေက မမှန်ကန်ဘူးဆိုရင်တော့ ဒီအချက်ကို အများပြည်သူသိရှိဖို့အတွက် အွန်လိုင်းပေါ်ဖြန့်ဝေတဲ့သူဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်တယ်လို့ပဲ ယူဆမိပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment