Tuesday, December 24, 2013

၅၆ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီအတွက် ဗန်းကိုင်လှပျိုဖြူများ ရွေးချယ်

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ပြုလုပ်ကျင်းပမည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲတွင် စင်မြင့်ပေါ်မှ အကယ်ဒမီ ဆုစာရင်း ကြေညာချက် လျှို့ဝှက်စာကို တင်ထားသည့်ဗန်းကို ကိုင်ပေးရမည့် အမျိုးသမီးငယ်များ ရွေးချယ်ပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့က အပြီးသတ် ပြုလုပ်ခဲ့သည်။ ထိုအကယ်ဒမီပွဲမှာ ၂၀၁၁ ခုနှစ်အတွက် ပွဲဖြစ်ပါသည်။ အကယ်ဒမီ ဗန်းကိုင်ဟု အများက ခေါ်ဝေါ်ကြသော ဤနေရာအတွက် သတ်မှတ်ထားသည့် အရည်အချင်းများမှာ အရပ် ၅ ပေ ၄ လက်မနှင့် ၅ ပေ ၅ လက်မကြား ရှိရမည်။ အသက်မှာ ၁၈ နှစ်မှ ၂၀ နှစ်အထိ ရုပ်ရည်အသင့်အတင့် ချောမောပြီး ပရိသတ်အတွက် ဆွဲဆောင်မှုရှိရမည် ဖြစ်သည်။ ဤအကယ်ဒမီပွဲသည် စစ်အစိုးရလက်ထက် အစဉ်အဆက် အစိုးရကသာ ကြီးကြပ်လာခဲ့ရာမှ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ရုပ်ရှင်လောကသားများ အများဆုံး လုပ်ပိုင်ခွင့်ရသည့် မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီက ဦးစီးကြီးမှူးကျင်းပမည့်ပွဲ ဖြစ်သည်။ ယခင်နှစ်စဉ်နှစ်တိုင်း စူပါကော်ဖီမစ်က စရိတ်အကုန်အကျခံပြီး စင်မြင့်အလှဆင်ခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း ယခုနှစ်တွင် စင်ကာပူနိုင်ငံ BARCO ကုမ္ပဏီက အကယ်ဒမီစင်နှင့် ပတ်သက်၍ အခမ်းအနား အပြင်အဆင်အားလုံး Sponsor ရရှိသွားသည်။ သို့သော် တခြားကုမ္ပဏီကလည်း ကြော်ငြာအတွက် Sponsor ရရှိလိုလျှင် BARCO ကုမ္ပဏီမှ လျှောက်ထား တောင်းခံရမည်ဟု သိရသည်။ အကယ်ဒမီ ဗန်းကိုင်အတွက် အမျိုးသမီးငယ် ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၈ ဦးကို ဆန်ခါတင် ရွေးချယ်လိုက်ကြောင်း သိရသည်။ ရွေးချယ်ခံရသူများမှာ- (၁) မမေမြင့်မိုရ် (အဘ-ဦးအောင်ကို)၊ (၂) မလမင်းအိနြေ္ဒ (အဘ-ဦးတီပိုး)၊ (၃) မအင်ကြင်းထူး (အဘ-ဦးခင်မောင်မြင့်)၊ (၄) မဆောင်းဝတ်ရည်မေ (အဘ-ဦးမြင့်သိန်း)၊ (၅) မရှင်ဝေနိုင်ဦး (အဘ-ဦးအောင်နိုင်ဦး)၊ (၆) မခိုင်ဇင်သင်း(ခ)ပန်းရောင်(ခ)ပုံ့ပုံ့ (အဘ-ဦးအောင်ဇော်ဦး)၊ (၇) မနှင်းဆီဝိုင်(ခ)ခိုင်စံဝေကျော် (အဘ-ဦးကျော်ညွန့်)နှင့် (၈) မမေစူးနိုင် (အဘ-ဦးတင်မောင်ထွန်း) တို့ ဖြစ်ကြသည်။ ရုပ်ရှင်အကယ်ဒမီပေးပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(Credit to: News Watch Weekly)

No comments:

Post a Comment